ကိုနဲ့မခွဲအစဉ်အမြဲ...ကို့ရဲ့ဘေးနား အမြဲထာဝရရှိပါရစေ...ကို့ကိုချစ်တယ်~~~~~~~~~~~

Sunday, January 11, 2009

ခေါင်း နှင့် ပန်း

ယခုခေါင်းစဉ်ကို စာဖတ်သူတိုင်း တွေ့ဖူးကြမှာပါ။သို့သော် တစ်ယောက်နှင့်တစ်ယောက် ကောက်ယူမည့် အဓိပ္ပာယ် တူညီမည့်ပုံ မပေါ်ပေ။ မည်သို့ပင် ကောက်ယူသော်လည်း အဓိပ္ပာယ်ကွဲပြားစေကာမူ ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေသော ဘ၀လှုပ်ရှားနေသော ဖြစ်ရပ်များနှင့် ဆက်စပ်နေကြောင်း သတိပြုလာမိသည်။ ဤခေါင်းစဉ်ကို မြင်လိုက်သော စာဖတ်သူ၏ ၉၅%သည် နေ့စဉ်သုံးစွဲနေသော ငွေသားအကြွေစေ့၏ တစ်ဖက်စီပါရှိသော “ခေါင်း” နှင့် “ပန်း” ဟု ပုံဖေါ်တွေးမည်မှာ သေချာလှသည်။ တိုင်းပြည် အလိုက် သုံးစွဲနေသော ငွေအမျိုးအစားအပေါ် မူတည်ပြီး၊ သရုပ်ပြထားသော သင်္ကေတပုံကွဲပြားသလို တစ်ဖက် နှင့်တစ်ဖက်လည်း မတူကြပေ။ အင်္ဂလိပ်လိုလည်း အကြွေစေ့၏ သရုပ်ပြထားသော သင်္ကေတပုံကို Head and Tailလို့ပင် အားလုံး လက်ခံခေါ်ယူ သုံးစွဲကြသည်။ ငွေသား စက္ကူရွက်တွင်လည်း မျက်နှာတစ်ဖက်စီတွင် ပုံနှိပ်ထားသော သရုပ်ပြထားသော သင်္ကေတပုံသည် ကွဲပြားကြောင်း စာဖတ်သူတိုင်း သတိပြုမိမှာပါ။ ကျွှန်တော်တို့ လူသားတိုင်းသည် “ငွေ”ဟု အမည်တပ်ထားသော ငွေသား “စက္ကူ နှင့် အကြွေစေ့” များသည် သုံးစွဲနေသည့် ငွေအမျိုးအစား၊ ပမာဏအလိုက် တစ်ဖက်နှင့်တစ်ဖက်တွင် သရုပ်ပြထားသော သင်္ကေတပုံ ကွဲပြားနေစေကာမူ ငွေကို မနှစ်သက်သူမရှိပါ။ နေ့စဉ် လက်ဝယ်ကိုင်၍ သုံးစွဲနေကြသည်။ ဤမျှလောက် “ငွေ” နှင့် လူသားတို့ အတွေ့အထိ နီးစပ်နေလျှက်နှင့် သတိမမူမိသော အချက်များ ရှိမနေပါကြောင်းနှင့် နေ့စဉ်ဘ၀ဖြစ်စဉ်များနှင့်လည်း တူညီနေကြောင်း တွေးမိ၍ ယခုဆောင်းပါးကို ရေးလိုက်ရပါသည်။ ကျွန်တော်တို့ ကိုင်ဆောင်သုံးစွဲနေသော ငွေစက္ကူ၏ ပမာဏကိုသာ အဓိကထားဂရုစိုက် သတိမူကြသည်။ တစ်ဖက်စီတွင် မည်သည့်ရုပ်ပုံဖြင့် ပုံနှိပ်ထားသည်၊ အရောင်ဘယ်နှစ်ရောင်ပါသည်ဟု မေးလျှင် ကျွှန်တော်ကိုယ်တိုင် မသိပါ။ ငွေသားစက္ကူကို လက်ခံရယူတိုင်း တစ်ဖက်မျက်နှာကိုသာ ကြည့်ပြီး တန်ဖိုးပမာဏကို အဓိကထား ဂရုစိုက်ကြသည်။ ကျွန်တော်တို့ လူသားများသည် နေ့စဉ်ကိစ္စမျိုးစုံကို ကျော်ဖြတ်ပြီး တစ်နေ့တာ ကုန်ဆုံးနေကြရသော်လည်း လုပ်ချင်သော၊ ဖြစ်ချင်သောကိစ္စ ဖြစ်မြောက်ရေးကိုသာ ကိုယ့်ဘက်ကနေ တစ်ဖက်သတ်ဦးတည်လုပ်ဆောင် ကြသည်။ လုပ်ရပ်သည် မျှတမှု ရှိ မရှိ၊ တစ်ဖက်သူတွင် နစ်နာမှုရှိနေလား စသည့် တွေးခေါ်ချက်များမရှိပါ။ လုပ်ရပ်အားလုံးကို ကိုယ်ဘက်ကနေ တစ်ဖက်သတ်ကြည့်၍ ပြောဆို ဝေဖန် ဆုံးဖြတ်ကြသည်။ ကိုယ့်ဘက်ကို အသာပေး အမှန်ထား တွက်ကြသည်။ ကံကောင်းနေပြီး အဆင်ပြေမှုများနှင့် ဆုံဆည်းနေချိန်များတွင် ငွေရှာရ လွယ်နေ၍ ငွေနှင့်တိုင်း၍ လုပ်နိုင်မည်လို့ တွက်ကြသည်။ အဆင်မပြေ၊ ကံကောင်းခြင်းများ ပျောက် ဆုံးချိန်ရောက်မှ ငွေတန်ဖိုးသိကြသည်။ ၎င်းနည်းတူ လူ့ဘ၀တွင် အဆင်မပြေ၊ အခက်အခဲများဆုံတွေ့မှ မာန်မာနထောင်ကြွားပြီး အသုံးမချမိသော အချိန်ကောင်းများကို နှမြောတမ်းတ နောင်တရကြသည်။ လူဘ၀တွင် မရှိမဖြစ်သည့် ကျွန်တော်တို့ တန်ဖိုးထားသော “ငွေ” သားကို သင်္ကေတပြုထားသော “ခေါင်း” နှင့် “ပန်း” သည် ကျောချင်းကပ်၍ တစ်ဖက်စီတွင်မူ နှစ်ခုပေါင်းမှ တန်ဖိုးရှိပြီး၊ တစ်ဦးနှင့် တစ်ဦး မမြင်နိုင်သော်လည်း၊ အစဉ်သဖြင့် ပေါင်းစည်းထားမှ ငွေ၏ တန်ဖိုးပမာဏကို အတည်ပြုနိုင်မည်။ အိမ်ထောင်တစ်ခု ပေါ်ပေါက်ရန် “ဖခင်” နှင့် “မိခင်” သည် မရှိမဖြစ်။ အထက်မှာ ရေးသားထားသော “ခေါင်း” နှင့် “ပန်း” ပမာ အိမ်ထောင်တည်ဆောက်မှုတွင် ရှိရမည့် အဓိကကျသူနှစ်ဦး မဟုတ်ပါလား။ တစ်မိသားစီမှ ပေါက်ဖွားလာသော သူနှစ်ဦးသည် ဘယ်သို့သောနည်းနှင့်မျှ စိတ်တူကိုယ်တူ မဖြစ်နိုင်ပါ။ ပုံမတူသော “ခေါင်း နှင့် ပန်း” လို တစ်ဘက်စီ မျက်နှာမူထားသကဲ့သို့ ရှိစေကာမူ မိခင် နှင့် ဖခင်သည် တတ်အားသ၍ အဆင်ပြေ ညှိနှိုင်းနိုင်မှ တန်ဖိုးပမာဏရှိသော အိမ်ထောင်အဖြစ် ရေရှည်တည်တံ့နိုင်ပြီး သားသမီးတို့ ပျော်မွေ့ရာ စံအိမ်ကြီး ဖြစ်လာနိုင်မည်။ ကိုယ်ဘက်ကနေမြင်သော ရှုထောင့်တစ်ခုကိုသာ ကြည့်၍ ဘာမှမဆုံးဖြတ်သင့်ပါ။ ဤဆောင်းပါးကို ဖတ်မိသူတိုင်း မိမိတို့ နေ့စဉ်ဖြတ်သန်းနေသော လုပ်ရပ်ကိစ္စများကို နှစ်ဘက် ကြည့်ပြီးမှ သုံးသပ်ရန် သတိပေးရင်း မိသားစုအားလုံး ပျော်ရွှင်အေးချမ်းသော အိမ်ထောင် တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါသည်။


No comments: